ဘိုကလေး နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းဒေသနှင့် မြစ်ကမ်းရိုး ဒီရေတောဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်လေ့ရှိသည့် ဓနိပင်များမှ ဓနိဖူး၊ ဓနိအရွက်၊ ဓနိအရိုးတံ၊ ဓနိသီး အစရှိသော ဓနိပင်တစ်ပင်လုံးသည် လူသားတို့အတွက် များစွာအကျိုးပြုပေးလျက်ရှိသည်။
ဓနိပင်များသည် များသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဒီရေတောဒေသများနှင့် ပဲခူးမြစ်ကမ်းဘေးတို့တွင် အများဆုံးတွေ့ရှိရပြီး ဓနိပင်မှ ဓနိဖူးသည် ဆောင်းရာသီအကုန်တွင် စတင်ဖူးပြီး နွေရာသီကာလအထိ ပေါများစွာ ဖူးပွင့်လေ့ရှိသည်။
အဆိုပါ ဓနိဖူးများအား တစ်လွှာခြင်းခွာ၍ ရေသန့်စင်ပြီး အနေတော်လှီးဖြတ်ကာ သဘာဝ နေရောင်ခြည်ဖြင့် အခြောက်ခံပြီး ပြုတ်၍ သောက်ခြင်းဖြင့်လည်းကောင်း၊ ရေနွေးကြမ်း သောက်သုံးရာတွင် လက်ဖက်ခြောက်အစားထိုး၍ ဓနိဖူးခြောက်များ ခပ်သောက်ခြင်းဖြင့် လည်းကောင်း အသားအရည်ဝင်းပစိုပြေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ခန္ဓာကိုယ်အတွင်းမှ အပူချိန်လွန်ကဲမှုကို ထိန်းညှိပေးခြင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးအား အထောက်အကူပြုခြင်း၊ ဆီးချို ရောဂါ ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးခြင်း၊ ဖျားနာပြီးကာစ လူနာများ သောက်သုံးပါက လျင်မြန်စွာ လန်းဆန်းစေခြင်းစသော အကျိုးကျေးဇူးများ ရရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ဓနိဖူးခြောက်လုပ်ငန်း လုပ်ကိုင်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ထို့အပြင် ဓနိပင်များမှ အရွက်များအား သပ်ယူ၍ ဓနိပျစ်ထိုးကာ အိမ်အမိုး၊ အိမ်အကာအဖြစ် လည်းကောင်း၊ ဓနိအရွက်များ သပ်ထားပြီးသော ဓနိရိုးတံကို အခြမ်းလေးများဖြစ်အောင် ဖြာ၍ နေခြောက်လှမ်းပြီး ရေတစ်ညစိမ်ကာ အိမ်ထရံနှင့် ကြမ်းခင်းအတွက် အသုံးပြုပါက (၆)နှစ်အထိ ခိုင်ခံ့စွာ အသုံးပြုနိုင်ကြောင်းနှင့် များသောအားဖြင့် ဓနိပျစ်များ၊ ဓနိတံများအား အိမ်အမိုး၊ အိမ်အကာ၊ ကြမ်းခင်းများအဖြစ် ကျေးလက်ဒေသများတွင် ယခုတိုင် အသုံးပြုနေကြကြောင်း သိရသည်။
ဓနိပင်မှ သီးသော ဓနိသီးများသည် ထန်းသီးကဲ့သို့ နူးညံ့စွာရှိပြီး သင့်တင့်စွာ စားသုံးနိုင်ကာ ဓနိပင်မှ ဓနိအရည်ကို ကျိုချက်၍ ဓနိအရက်နှင့် ဓနိသကြား ထုတ်လုပ်နိုင်ကြောင်း၊ ဓနိပင်သည် အခြားသီးနှံများကဲ့သို့ မြေဩဇာကျွေးမွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းနှုတ်ဖယ်ရခြင်း လုပ်ငန်းများ လုံးဝပြုလုပ်စရာ မလိုသော အပင်ဖြစ်ကာ ဒီရေများနှင့် ပါလာသော နုန်းမြေများသည် ဓနိခြံတွင် တင်ကျန်ခဲ့ပြီး သဘာဝမြေဩဇာအဖြစ်နှင့် ဓနိပင်များကို ကြီးထွား စေသောကြောင့် ဓနိမှထွက်သော အစားအစာမှန်သမျှ သဘာဝစစ်စစ် ဖြစ်ပြီး လူသားတို့အတွက် များစွာ အကျိုးပြုနေသော ဒီရေတောပင်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)