ဘားအံ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၂) ကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ဆောင်ရွက်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ဦးစားပေး လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ခြံလှောင်စနစ်ဖြင့် မွေးမြူသည့်စနစ်ကို ကျင့်သုံးစေလိုပြီး မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ် ရောင်းချနိုင်ရေး၊ သီးထပ်သီးညှပ်များဖြင့် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေများအား အခြားနည်းသုံးစွဲခွင့် မပြုရန်၊ တရားမဝင်ကုန်ပစ္စည်းများအား သိုလှောင်၍ ပြည်တွင်းသို့ တင်သွင်းရောင်းချနေ သည်များအား ဖမ်းဆီးဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်ဖို့လိုကြောင်း၊ မဲစာရင်းမှန်ကန်ရေး အတွက် အခြေခံလူဦးရေစာရင်းမှန်ကန်ဖို့လိုပြီး စာရင်းဇယားပိုင်းမှန် ကန်ရေးဆောင်ရွက်လျက် ရှိကာ ဒီဇင်ဘာလအတွင်း မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၉/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးရှင်းလင်း တင်ပြခဲ့ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က မဲစာရင်းမှန်ကန်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)