ဟိုင်းကြီးကျွန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဗလမင်းထင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဗလမင်းထင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းမှ တက်ရောက်အားပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်ဆန်းမှ လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖတစ်ဦးမှလည်း ယခုလို ကွန်ကရစ်လမ်းသစ် ခင်းပေးခြင်းအတွက် ပြည်သူများအားလုံးကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်ဆန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)