သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလင်းနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဘေး(၉)မျိုးအကြောင်းသိကောင်းစရာများ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များအကြောင်း စသည့် ဗဟုသုတရဖွယ်အကြောင်းအရာများဖြင့်ဟောပြော၍ ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများဆောင်ရွက်ကာ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက လုပ်အားဖြင့်တန်ဖိုးရရှိပုံအကြောင်း၊ ညီကိုမောင်နှမအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း ချစ်ခင်ကူညီရိုင်းပင်းစွာ နေထိုင်တက်စေရန် ပုံပြင်များဖြင့် ဟောပြောခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီးနောက် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)