ကော့ကရိတ် နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ရာ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဦးက မော်တော်ယာဉ်များ ပြောင်းလဲသွားနည်း ဥပဒေများ၊ သင်မောင်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ဆောင်ရွက်ပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသည်ယာဉ်ကြံ့ခိုင်မှု ယာဉ်စစ်ဆေးဆောင်ရွက်ပေးမှု၊ ခရိုင်အတွင်း ယာဉ်တိမ်းမှောက်ပျက်စီးမှု လျော့နည်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယာဥ်မောင်း သူများ စည်းကမ်းလိုက်နာမှုရှိရေး မြေပြင်ဆောင်ရွက်ပေးမှုအခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)