ကျိုက်လတ် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်(၁၀)ရက် ယနေ့၌ ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို အထက-၁ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးတို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး အထက-၂ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်