သာပေါင်း နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်၊ နိုဝင်ဘာလ(၁၇)ရက်၊ နံနက် ၇ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း)၊ သော်ကဆောင် ခန်းမ၌ ကျင်းပကြသည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်း သီဆိုဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ဖတ်ကြားခဲ့သည်။
ထို့နောက် (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်း သီဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်