ကျုံပျော်မြို့နယ် ထော်ဦးကျေးရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျုံပျော် နိုဝင်ဘာ ၁၈

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ ထော်ဦးကျေးရွာရှိ “မင်္ဂလာသုခဘုန်းတော်ကြီး”ကျောင်းတွင် ယမန်နေ့  မွန်းလွဲ ၁  နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့က    ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာတွင်း ပြည်သူ့လုံခြုံရေးကိစ္စများ ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စိုက်ဘဏ်ချေးငွေကိစ္စရပ်များ၊ လူကုန်ကူးမှု၊ မှုခင်းဆိုင်ရာနှင့် သက်ငယ်မုဒိမ်းမှု ဆိုင်ရာကိစ္စများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း(၆၆/၆) ပြုလုပ်နိုင်ရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းကိစ္စရပ်များ၊ ကျောင်းသား/သူများ ကျောင်းတက် မှန်ကန်ရေး၊ ရပ်ရွာသန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များအား ချပြ ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ဆောင်းသီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး ကိစ္စများအား အသိပညာပေး ပြောကြားပြီး၊ ကျေးရွာရှိ နေကြာ စိုက်ဧက(၁၀) ဧက အတွက် တောင်သူများထံသို့ နေကြာမျိုးစေ့ ၁၀ အိတ်  အားပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူများ၏ သိလိုသည့်မေးမြန်း တင်ပြချက်များ အပေါ်  သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

 အဆိုပါ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းများ ပါဝင်ပြီး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီ‌ပေးနိုင်ရေးအတွက် ကွင်းဆင်း၍လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)