မြိတ် နိုဝင်ဘာ ၁၈
“နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဟူသည့်ဆောင်ပုဒ်နဲ့အညီ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို တိုင်းနှင့်ပြည်နယ် အနှံ့အပြားတွင် ကျင်းပလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
ထို့နောက် အထက(၁)မြိတ်မှ ကျောင်းသား၊ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးငွေစိုးက ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ခရိုင်ပညာရေးမှူးဒေါ်လှလှဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးငွေစိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာယဉ်နွဲ့နှင့် ခရိုင်ပြန်ကြားနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး(တာဝန်ပေး)ဒေါ်ဝါဝါခိုင်တို့မှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ အထက(၂)မြိတ်မှ ကျောင်းသား၊ကျောင်းသူများက “ဇာတိ မာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး တက်ရောက်လာကြသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လက်ကမ်းစာစောင်များဖြန့်ဝေကာ နံရံကပ်စာစောင်များပြသခဲ့ကြသည်။
ဟေမာန်စိုး