ကျုံပျော်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြုလုပ်

ကျုံပျော် နိုဝင်ဘာ ၁၈

လူငယ်များ အမျိုးသားရေးစိတ်ဓာတ် အစဉ်ထက်သန် နိုးကြားနေစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသား အားမာန်များဖြင့် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်အတွက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ ထ က (၁) ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းက ဖတ်ကြားသည်။

ထို့နောက် အခြေခံပညာကျောင်းများ အသီးသီးတွင်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ၌ မြို့နယ်အဆင့် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ အသီးသီးတို့က ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)