လက်ပံတန်း နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၂၃၅) ဦး တက်ရောက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မျိုးမင်းထွန်း ( ပြန်/ဆက်)