အထက်မင်းလှ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၇နာရီခွဲက ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများပါဝင်သည့်အသင်း (၁၀)သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲအသီးသီး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်သူများမှ ဆုရရှိသူများကို မင်းလှ အခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)