အိမ်မဲ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ (၁၇)ရက်နေ့ တွင် ကျရောက်သော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(၁) ရွေညီလာခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။
အခမ်းအနားကို အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး က ဖတ်ကြားပေးခဲ့သည်။
ဆက်လက်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ (ထက်၊လယ်မူ) ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမဲအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနား အောင်မြင်စွာမြီးမြောက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)