မြောင်းမြမြို့တွင် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြောင်းမြ နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အခမ်းအနားကို ယနေ့နံနက် ၇း၀၀ နာရီအချိန်၌ အ.ထ.က (၁) ပညာရတနာ ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို ကျောင်းသားကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သော သဝဏ်လွှာကို မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည် က   ဖတ်ကြားပါသည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲများဖြစ်သော ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ တုတ်ဆီးတိုးပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို  ဆုများချီးမြှင့်ခဲ့ကြသည်။ 

အခမ်းအနားတွင် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူ ကျောင်းသူ မဂျူးဂျူးအောင်က ဆုရရှိသော ကျပန်းစကားပြောကြားဖျော်ဖြေပြီးနောက်  ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများကို ဖြန့်ဝေပေးပြီး နံရံကပ်စာစောင်များကို ပြသထားရာ အခမ်းအနားကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

အခမ်းအနားကို မြောင်းမြခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)