ဖလမ်း နိုဝင်ဘာ ၁၇
ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်ဆန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက ဖလမ်းမြို့သို့ ရောက်ရှိပြီး ဖလမ်းမြို့၊ အမှတ်(၂၆၈) ခြေလျင်တပ်ရင်း အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဒေသဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့မိမြို့ဖဥက္ကဋ္ဌ ဦးရူလ်ဇမ်းက ဆူရ်ဘုန်လေယာဉ်ကွင်း အသုံးပြုနိုင်ရေး၊ ဖလမ်းမြို့ပြည်သူ့ဆေးရုံတွင် ဆရာဝန်ဖြည့်တင်းပေးနိုင်ရေး ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ပြည်နယ် အစိုးအဖွဲ့ဝင်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးဦးကျော်ငြိမ်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဌာနဆိုင်ရာများအတွက် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးရေချမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းတို့က လက်ခံရယူကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ရဲမြင့်အောင်