နတ်တလင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နတ်တလင်း နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.ထ.က(နတ်တလင်း)ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများမှ မြန်မာ့ကျောင်းသား သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားပေးခဲ့သည်။

ထို့နောက်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး အ.ထ.က(နတ်တလင်း) ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများမှ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး