ဘားအံ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဘားအံ နိုဝင်ဘာ ၁၇

၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြသံလွင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကြွေးကြော်သံ သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် အမျိုးသားရေး စိတ်ဓာတ်အခြေခံကို မွေးဖွားနိုင်ခဲ့သည့်နေ့ကို အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ခဲ့ပြီး မြန်မာတို့၏ လွတ်လပ်ရေးတံခါးပေါက်ကို ဖွင့်ပေးလိုက်သောနေ့ဟု ဆိုရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်မှမျိုးချစ်သူရဲကောင်း၊ ကျောင်းသားကြီးများက အသက်သွေးချွေးများပေးဆပ်၍ ရယူပေးခဲ့သော အမိမြေ၊ အမိစာပေ၊ အမိယဉ်ကျေးမှု အစရှိသည်တို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ ယနေ့လူငယ်များပင်ဖြစ်ကြောင်း၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်ဖြစ်သော “နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့” ဆောင်ပုဒ်နှင့်အညီ အောင်အတိတ်၊ အောင်နိမိတ်များဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ပန်းတိုင်ဆီသို့ လျှောက်လှမ်းဖို့ အားထုတ်ကြပါစို့ဟု အဖွင့်အမှာစကားပြောကြားရာတွင် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးထင်က အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ဖတ်ကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြည်နယ်အဆင့်(အထက်တန်း၊ အလယ်တန်းအဆင့်) စာစီစာကုံး၊ ကဗျာ၊ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်သား သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)