မုံရွာမြို့  အမှတ် ၂ အခြေခံပညာ‌အထက်တန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မုံရွာ နိုဝင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌  အခြေခံပညာဦးစီးဌာန၊ မုံရွာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီ ခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ် စီမခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများ တက်ရောက်ခဲ့ကြပြီး အလုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဇာတိမာန် တေးသီချင်း သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

   ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဆန်းဝင်းက ဖတ်ကြားပြီးနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်သားကျောင်းသူလေးများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင် က တိုင်းဒေသကြီး အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကျောင်းသား ကျောင်းသူလေးများအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်း က တိုင်းဒေသကြီးအဆင့် ကဗျာရေးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား လည်းကောင်း  ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ တိုင်းရင်းသား တိုင်းရင်းသူကျောင်းသား၊ ကျောင်းသူလေးများက မြန်မာပြည်သား သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 ခရိုင် (ပြန်/ဆက်)