ပေါက်ခေါင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပေါက်ခေါင်း နိုဝင်ဘာ ၁၇

၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအေးလှိုင်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ပြီး၊ အထက(အိုးဘိုကုန်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)