မြိတ် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှု ဖြင့် (၇)ရက်သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း (၄၅၀၀)ကျော်နှင့် ဆေးရုံတော် အတွင်း တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်းသည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁)သိန်းခွဲတို့ဖြင့် တည်ဆောက်တပ်ဆင်ပြီးစီးခဲ့သော မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။
သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ဆေးရုံတော် ကမ္ဗည်းမော်ကွန်းလွှာကို ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ က စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီး ဆရာတော်ကြီးနှင့်အတူ ဆရာတော်များက မော်ကွန်းလွှာကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ဂုဏ်ပြုမော်ကွန်းလွှာချီးမြှင့်ပွဲကို ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ်အမှူးပြုသောဧည့်ပရိတ်သတ် အပေါင်းတို့က သီတဂူ ဆရာတော်ကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒ မြိတ်မြို့ မော်တောင် ပရိယတ္တိစာသင်တိုက် ဆရာတော်က သီတဂူ ဇီဝိတဒါန, စက္ခုဒါန ဆေးရုံတော်ကြီး ဖြစ်ပေါ်လာရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက် ထားပြီး ဝန်ကြီးချုပ် က သီတဂူဆရာတော်ကြီးထံ ဂါရဝပြု ကျေးဇူးတင်လွှာ ဆက်ကပ်လှူဒါန်းသည်။
သီတဂူ စက္ခုဒါန ဆေးရုံများတွင် (၄၉)ရုံမြောက် ဆေးရုံဖြစ်သည့် မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကြီး၏ စာရွက်စာတမ်း အထောက်အထားများကို သီတဂူဆရာတော်ကြီးက ဆေးရုံတော်စီမံ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံလွှဲ ပြောင်းပေးအပ်ရာ ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားသည်။ ထိုနောက် ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များ အား ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြိတ်မြို့ သီတဂူ ဇီဝိတဒါန၊ စက္ခုဒါန ဆေးရုံတော် ဖြစ်မြောက်ရေးအတွက် လှူဒါန်းထားကြသည့် အလှူရှင်များနှင့် ပရဟိတအဖွဲ့များကို သီတဂူ ဆရာတော်ကြီးက ဂုဏ်ပြု မော်ကွန်းလွှာများ ချီးမြှင့် ပေးအပ်သည်။
ထိုနောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီတဂူဆရာတော်ကြီးထံမှ ဩဝါစကားများနှင့် အနုမောဒနာတရားများ နာယူခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဂုဏ်ပြုမော်ကွန်းလွှာချီးမြှင့်ပွဲကို သီတဂူအဓိဌာန်ဖြင့် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံတော်အတွင်း ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူ ဆရာတော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများမှ မျက်စိရောဂါ ဝေဒနာများကို စမ်းသပ်ခွဲစိတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုခဲ့ကြပြီး ခွဲစိတ်ထားရှိသည့် ဝေဒနာရှင်များကို အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )