ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၈) ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

ပုသိမ်   နိုဝင်ဘာ   ၁၇

၂၀၂၂ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ( ၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများနှင့်အသင်းနည်းပြ၊ အုပ်ချုပ်သူများတက်ရောက်ခဲ့သည်။

ဖွင့်ပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိတဲ့ ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် အမျိုးသမီး ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ အနေဖြင့်အားကစားသမားကောင်း ပီသစွာယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနဲ့ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု" ဖြစ်ရာ ကြိုးစား ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းမှာလည်း ပြိုင်ဘက်အသင်းအား သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ယှဉ်ပြိုင်ကြရန်လိုအပ်ပါကြောင်း၊ အသင်းများကို အုပ်ချုပ် လိုက်ပါလာကြတဲ့ အုပ်ချုပ်သူများ၊ နည်းပြများအနေနဲ့လည်း  မိမိတို့အုပ်ချုပ်သည့် အားကစားသမားများကို နိုင်နင်းစွာ အုပ်ချုပ်ထိန်းသိမ်းနိုင်ရမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲ အဆင့်တွင် အဆင့် ၅ နေရာ ရပ်တည်လျက်ရှိပြီး အမျိုးသမီး အားကစားသမားများ၏ စွမ်းဆောင်နိုင်မှုသည် ၆၀ ရာခိုင်နှုန်း အောင်မြင်မှုရရှိနေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ယခုပြိုင်ပွဲကို ကြီးကြပ် ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအတိုင်း ဆုံးဖြတ်ပေးကြဖို့ ပြောကြားလိုပါကြောင်း၊ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး  ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြသည့်  ကျုံပျော်ခရိုင်အသင်းနှင့်မြန်အောင်ခရိုင်တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ယခုလ(၁၆ )ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှပြိုင်ပွဲအသင်း(၈)သင်းက ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)