ဘားအံ နိုဝင်ဘာ ၁၇
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပင်မကျောရိုးလုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အဓိကလိုအပ်ချက်ဖြစ်သော ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များ ပြည့်စုံအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်းရှိ MSMEs ရေရှည် ဖွံ့ဖြိုးရေးအတွက် ထိရောက်သည့်အစီအမံများချမှတ်ခြင်း၊ Agency အဖွဲ့များ စွမ်းဆောင်ရည်ကောင်းမွန်လာစေရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်း လာစေရေးနှင့် ရင်းနှီးငွေရရှိရန်ကူညီပံ့ပိုးရေး၊ Value-Added ပြုလုပ်နိုင်သည့် နည်းပညာများ ထောက်ပံ့ပေးခြင်း၊ Potential MSMEs များလိုအပ်သည့်ဈေးကွက်ချဲ့ထွင်းနိုင်ရေး ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ပြပွဲများတွင် ဒေသတွင်းထုတ်ကုန်များပြသနိုင်ရေး၊ ဒေသတွင်း MSMEs လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတူလက်တွဲဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ထို့နောက် NEI Founder ဒေါ်ရည်မွန်စု က MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေ့အကျင့် ကောင်းများရရှိစေရေး၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦးက စပါးအခြောက်ခံစက်၊ Silo(သိုလှောင်ပုံ)နည်းစနစ်အကြောင်း၊ မွန်ပြည်နယ် ကုန်စည်ဒိုင်အသင်းနှင့် ပဲ၊ နှမ်းအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးမင်းက ကုန်စည်ဒိုင်များအကြောင်း သိကောင်းစရာ၊ မြဝတီကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးက နယ်စပ်ကုန်သွယ်ရေး အကြောင်း၊ ရိုးမဘဏ်(မန်နေဂျာ)က SME ချေးငွေဆိုင်ရာများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းစိုက်ပျိုး ရေးထွက်ကုန်များ၊ စက်မှုဇုန်ဒေသဆိုင်ရာကော်မတီအတွင်းရေးမှူးက ဘားအံစက်မှုဇုန်ဆိုင်ရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဒေသတွင်း MSMEs လုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား အပြန်အလှန်မေးခွန်းများမေးမြန်း၍ နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)