အိမ်မဲ နိုဝင်ဘာ ၁၇
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၁ နာရီတွင် အ.လ.က သဖန်းပင်ဆိပ်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.လ.က သဖန်းပင်ဆိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းနှင့်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် အသီးသီး ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက ကျောင်းသား ကျောင်းသူများကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar Fitness Dance အကဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများပျော်ရွင်စွာ လိုက်ပါကစားခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ အ.လ.က သဖန်းပင်ဆိပ်ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော် စိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြ ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)