ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

ပဲခူး နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့သွား ရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ Tan Choung Motor Myanmar အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက စက်ရုံလည်ပတ်မှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းရှင်းမှု၊ ရင်းနှီးမြှုပ်နှံရန် မြေနေရာများလွယ်ကူစွာရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေးအားပေးနေမှုနှင့် နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှုစသည့် အခွင့်အလမ်းကောင်းများအား သတင်းစကားပေး၍ အဆွေတော်တို့၏ မိတ်ဖက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖိတ်ခေါ်စေလိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာ လုပ်ငန်းများ၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း  ဆောင်ရွက်စေလိုကြောင်း၊    မိမိတို့အစိုးရအဖွဲ့မှ     လိုအပ်သည်များကို         ဥပဒေနှင့်အညီ    ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ် ရေးထိုးခဲ့ပြီး စက်ရုံအတွင်း မော်တော်ကားတပ်ဆင်ထုတ်လုပ်မှု အဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်