(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်

 

ပွင့်ဖြူ        နိုဝင်ဘာ         ၁၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြသခြင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ အပညာပေးလုပ်ငန်း ဆောင်ရွက်ရာ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများကို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် စာပေ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များနှင့် ပညာရေးမျှော်မှန်းချက်များ ၊ အမျိုးသားအောင်ပွဲနေ့ကို အခြေခံပြီး အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားလာစေရန် ၊ နိုင်ငံချစ်စိတ် ၊ မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် လုပ်ဆောင်ရမည့် ကျောင်းသားဟောင်းကြီး(၁၁)ဦး၏ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများကို (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကာ မြို့နယ်ရုံးတွင် ခင်းကျင်းပြသထားရှိသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင် ၊ ဓာတ်ပုံများနှင့် သုတ/ရသ စာအုပ်စာပေများကို ပြသပေးခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )