ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုရှိ ဆားငံဒဏ်ခံ (ဆင်းသွယ်လတ်) မျိုးစေ့ထုတ် စံပြစိုက်ခင်းရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သွားရောက် ကြည့်ရှု

ပဲခူး နိုဝင်ဘာ ၁၇

ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုရှိ ဆားငံဒဏ်ခံ(ဆင်းသွယ်လတ်) မျိုးစေ့ထုတ် မိုးစပါး စံပြစိုက်ခင်း(၇.၆၀)ဧက ရိတ်သိမ်းနေမှုအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြစ်ရေနှင့် စစ်တောင်းတူးမြောင်းရေကို စိုက်ပျိုးရေးအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ အဆင့်မြင့်  လယ်ယာဧကကွက်များ ဖော်ထုတ်နိုင်ရေး၊ ကုန်ထုတ်လမ်းနှင့် ရေသွင်းမြောင်းများ တစ်ပါတည်း ထည့်သွင်းတည်ဆောက်နိုင်ရေး၊ Drum Seeder အသုံးပြု၍ အစေ့ချစနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုး၍ မရသော နေရာများတွင်  ဈေးကွက်ဝင်   အုန်းပင်များ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့သည် ပဲခူးမြို့၊  စိန်သာလျောင်း ရုပ်ပွားတော်မြတ်ကြီးသို့   သွားရောက်ဖူးမြော် ကန်တော့ ခဲ့ပြီး  ဘုရားအဝင်လမ်းအား   အရှေ့ဘက်မုခ်ဦးထိပ်ထိ ကွန်ကရစ် လမ်းခင်းပေးရန်နှင့်  ဘက်စုံပြုပြင်   မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)