ဝန်းသို စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာတွင် တောင်သူလယ်ယာလုပ်ငန်းအပြင် မိရိုးဖလာဝါးနှီး ဖြင့် ယက်လုပ်သော ခမောက်ယက်လုပ်ငန်းကို မိမိတို့အိမ်တွင် တစ်ပိုင်တစ်နိုင်ပြုလုပ်လျက်ရှိရာ မိသားစုပုံမှန်ဝင်ငွေများရရှိသည့်အတွက် အဆင်ပြေလျက် ရှိကြောင်း သိရသည်။
“ခမောက်တစ်ချပ် ယက်လုပ်ဖို့ဆိုရင် တင်းဝါးတစ်လုံးကို ငါးရာနဲ့ဝယ်ပြီး အရင်ဆုံး ရေစိမ်ရပါတယ်၊ ရေစိမ်ပြီးရင် နှီးဖျာရပါတယ်၊ အဲ့ဒီဖျာပီးတဲ့ နှီးကိုမှ ခမောက်ယက်ရပါတယ်၊ နှီးဖျာပီးသား ဆိုရင်တော့ တစ်ရက်ကို တစ်ချပ်ရပါတယ်၊ နှီးဖျာပီးသားမရှိရင်တော့ နှစ်ရက်မှတစ်ချပ်ရပါတယ်၊ ခမောက်ကတော့ အစောက်၊ အပြန့်ဆိုပီးနှစ်မျိုးယက်ပါတယ်၊ ယက်ပီးသား ခမောက်တွေကိုတော့ အိမ်မှာတင် တစ်ချပ်ကို ငါးရာကျပ်၊ တစ်ထောင့်သုံးရာကျပ်နဲ့ ရောင်းရပါတယ်၊ အခုလို မိမိတို့အိမ်မှာ တစ်ပိုင်တစ်နိုင်လုပ်ငန်းကို လုပ်ကိုင်နေရတဲ့ အတွက် မိသားစုအတွက်အဆင်ပြေပါတယ်” ဟု ခပ်ချိုကျေးရွာမှ မသန္တာဌေး က ပြောသည်။
“ကျွန်မကတော့ ကျေးရွာမှယက်လုပ်တဲ့ ခမောက်ကုန်ကြမ်းတွေကို ဝယ်တယ်၊ ဝယ်ပြီးသား ခမောက်တွေကို ဆေးသုတ်၊ ဆေးခြယ်ပြုလုပ်ပြီးတော့ တစ်ဆင့်ပြန်ရောင်းတဲ့လုပ်ငန်းကို လုပ်ပါတယ်၊ ခမောက်အချပ်တစ်ရာစီ တန်းပြီးတော့ နန့်စီးအောင်၊ မော်လူး၊ ကသာ၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဟိုပင် အစရှိတဲ့မြို့တွေကို ပို့ပါတယ်၊ ခမောက်ရေ အချပ်တစ်ရာတန်းကို တစ်သောင်းကျပ်လောက် ကိုယ့်အတွက် ကျန်ပါတယ်၊ အခုအချိန်က ကိုဗစ်-၁၉ ကာလဆိုတော့ လမ်းပန်းဆက်သွယ်ရေးကခက်ခဲတော့ ပို့ရတဲ့ နေရာမှာ နည်းနည်းတော့ အခက်အခဲရှိပါတယ်”ဟု ခပ်ချိုကျေးရွာမှ တစ်ပိုင်တစ်နိုင် ခမောက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်ရီစိန် က ပြောသည်။
ခပ်ချိုကျေးရွာတွင် အိမ်ခြေ ၉၄ အိမ်၊ လူဦးရေ ၄၇၀ကျော် နေထိုင်လျက်ရှိပြီး ခမောက်ယက်လုပ် ငန်း၊ ဖျာယက်လုပ်ငန်းစသည့်လုပ်ငန်းများကို တစ်ရွာလုံးနီးပါး တစ်ပိုင်တစ်နိုင်လုပ်ကိုင်၍ မိသားစုပုံမှန် ဝင်ငွေရရှိအောင် ဖော်ဆောင်လျက်ရှိသည့်အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေဖြင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)