ဖောင်းပြင်မြို့၌ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး

ဖောင်းပြင်  နိုဝင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းတွင်  ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော  ကတ်ပြားတစ်မျိုးမျိုးကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာမှာ အသက်ဆယ်နှစ်ပြည့်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်ဟု အဆိုပါဌာနမှ တာဝန်ရှိသူကပြောသည်။

အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိပြီး အသက်(၁၀)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိကိုင်ဆောင်နိုင်ရေး လျှောက်ထားနိုင်ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)