အိမ်မဲ နိုဝင်ဘာ ၁၇
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်း နိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၁ နာရီတွင် အ.လ.က သဖန်းပင်ဆိပ်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.လ.က သဖန်းပင်ဆိပ်ကျောင်းအုပ် ဆရာမကြီး ဒေါ်အိအိခိုင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က လူငယ်နှင့်စာဖတ်ခြင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုး က လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် အသီးသီး ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုး က ကျောင်းသား ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar Fitness Dance အကဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွင်စွာ လိုက်ပါကစားခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ အ.လ.က သဖန်းပင်ဆိပ်ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦး ကျော်မှ စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)