ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဘားအံ နိုဝင်ဘာ ၁၇

ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေး သည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ လုံခြုံရေးအရ သွားရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော ရပ်ကွက်/ ကျေးရွာများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့်ညှိနှိုင်း၍ ဆောင်ရွက်၍ရနိုင် သောနည်းလမ်းများကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများကောက်ယူရာတွင် မသန်စွမ်းသူများစာရင်းကို မသန်စွမ်း အမျိုးအစားအလိုက် တစ်ပေါင်းတည်းကောက်ယူပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံလူဦးရေစာရင်းပြည့်စုံမှန်ကန်ဖို့လိုပြီး နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) နှင့် အိမ်ထောင်စုပါအချက်အလက်များအား နည်းပညာအသုံးပြု၍ ရုံးသုံး Server တွင် တစ်နေရာတည်း၌ စုစည်းထားရှိခြင်းဖြင့် မဲစာရင်းစိစစ်ရလွယ်ကူစေမည်ဖြစ်ကြောင်း၊ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေစာရင်းမှန်ကန်မှသာ မဲစာရင်းမှန်ကန်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြေပြင်ကွင်းဆင်းရေးအဖွဲ့များကို ရပ်ကွက်/ကျေးရွာ၊မြို့နယ်အလိုက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် စက်သုံးဆီ၊ စားသောက်စရိတ်၊ စာရွက်စာတမ်းများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဌာနဆိုင်ရာများကိုထုတ်နုတ်၍ ရပ်ကွက်/ကျေးရွာ အလိုက် တိတိကျကျခွဲဝေတာဝန်ချထားပေးနိုင်မှသာ တိကျသည့်မဲစာရင်းကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ လုံခြုံရေးအနေအထားအရ ဆောင်ရွက်နိုင်မည့်အပေါ်မူတည်၍ မဲဆန္ဒရှင်စာရင်းနှင့်မဲရုံအရေအတွက်များ ပြောင်းလဲမှုဖြစ်ပေါ်နိုင်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အလိုက် အပတ်စဉ်ဆောင်ရွက်ပြီးစီးမှုကိုတင်ပြပေးကြစေလိုပြီး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူးများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြဖို့လိုကြောင်း ဆွေးနွေးတင်ပြပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်က အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အဆင့်(၅)ဆင့်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး စိစစ်သည့်အပိုင်းကို တိတိကျကျဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေး ပြောကြားကာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က မဲဆန္ဒရှင်စာရင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင်လူဦးရေစာရင်းအား သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေ၊ မြေပြင်လူဦးရေစာရင်းကောက်ယူပြုစုခြင်းပြီးစီးမှုအခြေအနေ၊ အသက်(၁၈)နှစ်အထက်/အောက် လူဦးရေစာရင်းဖော်ပြချက်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)