ပခုက္ကူ နိုဝင်ဘာ ၁၆
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီအချိန်က ဖြန့်ဝေကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့် ဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၅၀)စောင်ကို အခမဲ့ဖြန့်ဝေကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ ဦးတည်ချက်များ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်စာရင်းများ၊ ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီး(၂၃-၁-၁၉၄၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းသော ညီညွတ်ရေး အဆိုမှကောက်နုတ်ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၂၈-၁၁-၂၀၂၁) ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ အမျိုးသားရေးအားမာန်၊ ပညာရေးမျှော်မှန်းချက်၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံအမျိုးသားမာန် (ကဗျာ) စသည့် အကြောင်းအရာများပါဝင်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်စို့” ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)