အောင်လံမြို့၌ ဝါသီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးလက်တွေ့သင်တန်းဖွင့်

အောင်လံ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ဝါသီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့စိုက် ပျိုးထုတ် လုပ်နည်း ပညာပေးလက်တွေ့သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဝါသီးနှံမျိုးသန့်ခြံရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင်က အဖွင့်အမှာစကားပြော ကြားရာတွင် ဝါသီးနှံတောင်သူများအတွက် ဝင်ငွေကောင်းသည့် သီးနှံဖြစ်သည့်အပြင် စား၊ ဝတ်၊ နေရေး အဓိကအရေးပါသည့် ဝတ်ရေးအတွက် မရှိမဖြစ်လိုအပ်သောကြောင့် အရေးပါသော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲမှသာ တစ်ဧကထွက်နှုန်း မြင့်မားမည်ဖြစ်၍ မျိုးကောင်း မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းသည် အဓိကလုပ်ဆောင်သင့်သော အချက်ဖြစ်ကြောင်း၊ ဝါသီးနှံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည်နှင့်အညီ တောင်သူများ တစ်ဧက အထွက်တိုးပြီး ဝင်ငွေကောင်းရရှိရေး ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်းနှင့် ယခုသင်တန်းကို ရက်တိုတိုနှင့် ပို့ချရသည့်အတွက် သင်တန်းသူသင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချချက်များ အပေါ် အလေးထားသင်ယူစေလိုကြောင်း ပြောကြားပြီး ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံ ဒေါ်မြင့်မြင့်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အဆိုပါသင်တန်းတွင် မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ် (၁၀) မြို့နယ်မှ သင်တန်းသား /သူ ၁၄ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)