ကျိုက်လတ်၌ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကျိုက်လတ် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင်မြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ပညာရည်ချွန်ဆုပေးပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ စုပေါင်းမဟာဘုံကထိန်ပွဲနှင့် မြို့နယ်လုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းလှည့်လည် ပူဇော်ပွဲများကို အောင်မြင်စွာပြီးမြောက်စေရန် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အသင်းအဖွဲ့များ၊ ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားပြီး ယခု(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု သွားရောက် ယဉ်ပြိုင်ခဲ့ကြသူများကို လည်းကောင်း၊ သွားရောက်ယှဉ်ပြိုင်နိုင်ရန် ထောက်ပံ့ကူညီပေးကြသည့် ဌာနဆိုင်ရာများနှင့် မြို့နယ်သဘင် အစည်းအရုံးတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မြို့နယ်အတွင်း အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် လုံခြုံရေးမှစ၍ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့နောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသူတစ်ဦး ဖြစ်သည့် ဦးဆန်းမင်းအောင်က ပတ္တလားဖြင့် တီးခတ်ဖျော်ဖြေခဲ့ပြီး မြို့နယ် သဘင်အစည်းအရုံး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိန်မြတ်မင်းက ပြိုင်ပွဲဝင်သူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထင်းကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဆန်းအား မြို့နယ်အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ရဲဗလတံဆိပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဂုဏ်ပြုစကား ပြောကြား၍ ဦးစွာချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)