ကသာ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲတို့ကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက ကျောင်းသား/သူလေးများ အနေဖြင့် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသား စိတ်ဓာတ်၊ ဇာတိမာန်များတက်ကြွစေပြီး၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတို့က လေးစားခြင်းသည် အမျိုးသားစိတ်ဓာတ်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်းများ၊ မျိုးချစ် ကျောင်းသားကြီးများက အသက်သွေး၊ ချွေပေးဆပ်ပြီး ကျားကုတ်၊ ကျားခဲရယူခဲ့ရသည့် အမိနိုင်ငံ၊ အမိစာပေ၊ ယဉ်ကျေးမှုများကို မပျောက်ပျက်ရအောင် ဆက်လက်ထိန်းသိမ်းရမှာသည် လက်ရှိလူငယ်ခေါင်းများနှင့် ကျောင်းသား/သူများဖြစ်ကြောင်း ဟောပြောခဲ့ကသည်။
ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့် အမျိုးသားနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲဝင် ကျောင်းသား/သူ စုစုပေါင်း(၁၂)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)