ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း (အခြေခံ) သင်တန်းဆင်းပွဲပြုလုပ်

ကျောက်တံခါး နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့ချောင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍  ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဆန်းလွင်က ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုဏာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှေးဦးပြုစုခြင်း အခြေခံအသိပညာ တတ်မြောက်ပြီး ကျန်းမာရေးအသိပညာဖြင့် မိမိပတ်ဝန်းကျင်အား စနစ်တကျ ကူညီစောင့်ရှောက် ပြုစုနိုင်စေရန်နှင့် ရပ်ရွာလူထုနှင့် လူငယ်လူရွယ်များ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားလာအောင် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ပြုလုပ်ပြီးသင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအား စိတ်ပါဝင်စားသူ ကျောင်းသား‌/ ကျောင်းသူ (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်ကြက်ခြေနီသူနာတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့ချောင်းတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး၊ ကျေးရွာအုပ်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်း (မြို့ချောင်း)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)