ကျုံပျော် နိုဝင်ဘာ ၁၆
လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ထက်သန် နိုးကြားနေစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားအားမာန်များဖြင့် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်အတွက် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ ကျုံပျော်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်နှင့် ဆရာဆရာမများက လာရောက်ကြည့်ရှုပြီး၊ ပန်းချီပြိုင်ပွဲဝင် ကလေးငယ်များအား လိုက်လံအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အလယ်တန်း အဆင့်အတွက် "အမျိုးသားနေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် ၎င်း၊ အထက်တန်းအဆင့်အတွက် " ဆက်လက်ရှင်သန် အမျိုးသား ဇာတိမာန်" ခေါင်းစဉ်ဖြင့်၎င်း သတ်မှတ်ပေးထားပြီး ဆုရရှိသည့် ကလေးငယ်များအား ထိုက်တန်စွာ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ပညာရေးဌာနက ဦးဆောင်ကာ အခြေခံပညာကျောင်းများတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများနှင့် ဟောပြောပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသားလူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို သိရှိ နားလည်ပြီး အမျိုးသားရေးစိတ်ဓာတ် ရင့်သန် ခိုင်မာစေရန်အတွက် ရည်ရွယ် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နောင်အနာဂါတ်အတွက် တိုင်းပြည်က အားထားရသည့် လူငယ်များ ဖြစ်အောင် ပျိုးထောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)