ရွှေကျင် နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲများ ပြုလုပ်ခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းကြေးရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်နှင့်ရည်မှန်းချက်၊ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောခဲ့ပြီး၊ ဒေါ်မို့မို့သွင် ရုပ်/သံကျွမ်းကျင်-၃ က တိုင်းဆာ(ခ)မိုင်းသာရှမ်း စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “သူငယ်ချင်းကောင်း” ပုံပြင်အား ကျောင်းသား/ကျောင်းသူလေးများကို ပြောကြား ပေးခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကလေးစာပေစာအုပ်များကို လေ့လာဖတ်ရှုစေပြီး၊ ကွမ်းစားသုံးမှုအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်၀င်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)