ဘိုကလေး စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၇၆) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု (၃၅၇၀၁)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် ယမန်နေ့ နံနက်(၁၁)နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါ ထောက်ပံ့ငွေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ စက်တင်ဘာ(၁၈)ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု ဝင်များ၏ လက်ဝယ်အရောက် ယနေ့တွင်စတင်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ဘိုကလေးမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် မဟာသင်္ကြန် ကာလအတွင်း အခြေခံ စားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ပေးအပ်ရန် ကျန်ရှိခဲ့သည့် အခြေခံ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ(၁၅၀၀၀) ပေးအပ်ခဲ့ ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင်(၂၈)ရက်နေ့တွင် ငွေကျပ် (၂၀၀၀၀) ထပ်မံထောက်ပံ့ပေးအပ်ခဲ့ ကြောင်း၊ တတိယအကြိမ်အဖြစ် ဩဂုတ်(၁၅)ရက်နေ့တွင်လည်း ငွေကျပ်(၂)သောင်း ထပ်မံပေးခဲ့ ပြီး ယခုထပ်မံထောက်ပံ့ပေးခြင်းသည် စတုတ္ထအကြိမ်မြောက် ထပ်မံထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)