ချောင်းသာမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ချောင်းသာ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

​ရှေးဦးစွာ ဟောပြောပွဲတွင် ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဝင်းကျော်ကျော်က အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားပညာရေးနှင့် ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေအကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ဝံသာနုရက္ခိတတရား၏ အဓိပ္ပါယ်နှင့် ၂၀၂၂ ခုနှစ်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ အကြောင်းတို့ကို ဟောပြောခဲ့သည်။

“ယနေ့ခေတ်လူငယ်တွေက အထိမ်းအမှတ် နေ့ထူးနေ့မြတ်တွေရဲ့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိပ်မသိကျတော့ဘူး၊ နေ့ထူးနေ့မြတ်တွေကို သိစေချင်တယ်၊ အလေးထားစေချင်တယ်၊ ဂုဏ်ယူစေချင်တယ်၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း သိစေချင်တဲ့ ရည်ရွယ်ချက်ပါ၊ ဒီနေ့လုပ်တာကတော့ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲ့နေ့အကြောင်း အကျယ်တဝံ့သိရှိစေရန်ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ဖြစ်​ကြောင်း” ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဝင်းကျော်ကျော်ထံက သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် စာအုပ်၊ စာစောင်ပြပွဲကို ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ဒေါ်ရွှေရည်ထက်၊ စာကြည့်တိုက်လက်ထောက်-၃ က ပြည်သူ့စာကြည်တိုက်တွင် သုတ၊ ရသစာအုပ်၊ စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ကိုက်ညီမှုရှိသည့် စာအုပ်၊ စာစောင်များကို ရှင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)