ရေကြည် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ် ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အငြိမ်းစား အထက်တန်းပြဆရာကြီး ဦးသန်းတင့် ကဗျာဆရာ ချစ်ဒေါင်းဆွေက အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကျဉ်း အမျိုးသားနေ့နှင့် မျိုးချစ်စိတ်၊ လွတ်လပ်ရေးအစ အမျိုးသားနေ့ကဆိုသည့် အကြောင်းနှင့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ ၁၉၂၀ ခုနှစ်တွင် ပြဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုဒသန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ဟူ၍သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲရာတွင် ချမ်းသာကြွယ်ဝသော မိသားစုဝင်များ၏ သားသမီးများသာသင်ယူစေခြင်း၊ တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ကျောင်းအိပ် ကျောင်းစားဖြစ်ရမည်ဟု သတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရ ရေးဆွဲထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သည့်အတွက် ကျောင်းသား/သူများက သပိတ်မှောက်ခဲ့ရာ တစ်နိုင်ငံလုံးရှိ ပြည်သူများ ပါဝင်လာခဲ့ကြသည့်အတွက် စတင်သပိတ်မှောက်သောနေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည်ဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)