ငပု​တောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ပန်းချီ ပြိုင်ပွဲကျင်ပ ပြုလုပ်

ငပု​တော နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်း​ဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၁)  နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲအား ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းသည် ကျောင်းသား၊ ကျောင်းသူလေးများ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို မမေ့မလျော့ကြစေရန်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များရင်ထဲတွင် ထာဝစဉ်ကိန်းအောင်နေစေရန်အတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း  သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို​နောက်   ဘယ်ခါမမေ့အမျိုးသားနေ့” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲအား ဆက်လက် ကျင်းပပြုလုပ်ရာ အမှတ်(၅)အ​ခြေခံပညာ အလယ်တန်းကျောင်းခွဲ (ရွှေမြကွင်း) မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြမည့် ကျောင်းသား၊ ကျောင်းသူများကို  အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းအမှတ် အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(ငပု​တော)