ကမမောင်း နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကွမ်းသီးပင်များစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင်ကွမ်းသီးစိမ်းများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရ သည်။
ယခင်နှစ်က ကမမောင်းမြို့ဒေသအတွင်း၌ ကိုဗစ်-၁၉ရောဂါကြောင့် ကုန်စည်စီးဆင်းမှုနည်းပါးခဲ့ပြီး ကွမ်းသီးအစိမ်းအလုံးတစ်ရာလျှင် ငွေ (၁၅၀၀)ကျပ်အထိသာရရှိခဲ့ပြီး ကွမ်းသီးခြံပိုင် ရှင်များနှင့်တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။
ယခုနှစ်တွင် ကမမောင်းမြို့ပေါ်၌ ကွမ်းသီးအစိမ်းအလုံးတစ်ရာလျှင် ငွေ(၃၀၀၀)ကျပ်၊ ကွမ်းသီးအသန့်တစ်ပိဿာလျှင် ငွေ(၆၅၀၀)ကျပ်၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ငွေ (၆၀၀၀)ကျပ်၊ ကွမ်းသီးအပုတ်တစ်ပိဿာလျှင် ငွေ(၂၅၀၀)ကျပ်အထိစျေးကောင်းများ ပြန်လည်ရရှိခဲ့သဖြင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစု အပိုဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)