ငဖဲမြို့နယ် ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ငဖဲ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်နှင့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီကချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်လွင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးစိုးမိုးသူ က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သိကောင်းစရာ၊ ဗြိတိသျှတို့ပြဌာန်းသောကျွန်ပညာရေးဥပဒေများ၊ နယ်လှည့်အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုအခြေအနေများ၊ နေ့ထူးနေ့မြတ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကလေးအလုပ်သမားပပျောက်ရေး နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ ကျောင်းသားကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာပြသထားရှိသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောင်းသား/သူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)