ဘားအံ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တွေ့ဆုံသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့၏ ဓလေ့ရိုးရာ၊ စာပေ၊ ဘာသာစကားနှင့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားတို့၏ အရေးကိစ္စများကို ထဲထဲဝင်ဝင် ပိုမိုဆောင်ရွက် နိုင်ရန် နှစ်စဉ်ဘဏ္ဍာငွေများကို တိုးမြှင့်လျာထားပြီး ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးနေ ပါကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း အဖွင့်အမှားစကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/မများ ခန့်ထားရေးနှင့်ပတ်သက်၍ အခြေခံပညာ စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကား သင်ကြားနိုင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင် ရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် များစွာဆောင်ရွက်ပေး နေပါကြောင်း၊ TA/LT ဆရာ/မ များ ခန့်ထားပေးနိုင်ရေးကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိပြီး အသစ်ထပ်မံခန့်ထားပေးနိုင်ရေး ပကတိမြေပြင် အခြေအနေကိုသိရှိလို၍ ယခုကဲ့သို့လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ကရင်၊ မွန်၊ ရှမ်း၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တိုင်းရင်းသားဘာသာစကားသင် (TA/LT) ဆရာ/မများ ခန့်ထားပေးနိုင်ရေးနှင့် ခန့်ထားပြီးသည့် ဆရာ/မများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)