ကုန်းတွင်းမုန်တိုင်းငယ်သည် မြဝတီမြို့အနီး ဖြတ်ကျော်နိုင်သည့်အတွက် သတိပေးချက်များ ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်

မြဝတီ စက်တင်ဘာ ၂၀

ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်းနို(လ်)(NOUL)သည် ယမန်နေ့ မြန်မာစံတော် ချိန် ၅ နာရီ ၃၀ အချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားခဲ့ပြီး အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းချက် အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ ထုတ်ပြန်ကြေညာချက်အား မြဝတီမြို့ရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် မြဝတီခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှ အသံချဲ့စက်များဖြင့် မြဝတီမြို့နယ်အတွင်း လိုက်လံနှိုးဆော်ပေး လျက်ရှိပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ခရိုင်သဘဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ခရိုင်နှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကွပ်ကဲရေး ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ မုန်တိုင်းအန္တရာယ် အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လိုက်လံနှိုးဆော်နေမှုများအား လိုက်လံကြည့်ရှုပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယမန်နေ့ နံနက်မှ စက်တင်ဘာလ ၂၂ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထား ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)