မြို့သစ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မြို့သစ် နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ဆောင်၌ ယမန်နေ့နေ့လည်(၂)နာရီခွဲက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/သူ(၂၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်ပြိုင်ပွဲ၌“ အမျိုးသားနေ့မမေ့ထာဝစဉ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားနေ့အောင်ပွဲမှသည်အမျိုးသားရေးအားမာန်ဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ဖို့ မျိုးဆက်သစ်တို့ကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်းကျင်းပခဲ့သည်။

ပြိုင်ပွဲများတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၇)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ(၉)ဦး၊ မူလတန်းအဆင့်၌ ကျောင်းသား/သူ(၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းသား/သူများယှဉ်ပြိုင်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/သူများအား(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက် )