ကျွန်းလှ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးစီးမှုအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာတန်ရှိသူများက စက်ရေတွင်းတူးဖော်ပြီးစီးမှု၊ ရေစုပ်စက်တပ်ဆင်ထားမှု၊ ရေထွက်နှုန်း ကောင်းမွန်ခြင်းရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်ဆွေးနွေးခဲ့သည်။
အဆိုပါ စက်ရေတွင်း (တွင်းနက်)၊ ရေစုပ်စက်နှင့် ဆက်စပ်လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၁၀ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅ သိန်း၊ စုစုပေါင်းငွေကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၆၈ ဦးတို့အား သောက်သုံးရေဖူလုံစွာရရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ