ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍မရသော အကျိုးကျေးဇူးများ အများအပြား ပေးနိုင်သဖြင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်

ဘိုကလေး နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတောဧရိယာအဖြစ် ဧကပေါင်း (၇၁၁၆၉၆)ဧကနှင့် ဟက်တာပေါင်း (၂၈၈၀၁၉)ဟက်တာ တည်ရှိရာ အဆိုပါ ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍ မရနိုင်သော အကျိုးကျေးဇူးများ အများအပြားပေးနိုင်သဖြင့် ဒီရေတောများအား လူသားတို့အနေဖြင့် တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်နိုင်ရန် အဓိက လိုအပ်သည်။

ဒီရေတောများ ပျက်စီးယိုယွင်းပါက ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း ကျရောက်မှုကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ဖွယ်ရာရှိပြီး ဒီရေတောဂေဟစနစ်များမှ ရရှိသည့် သားငါး၊ ပုဇွန်၊ ဂဏန်းများပါ ရှားပါးလာနိုင်သည်။

ဒီရေတောများ ရှင်သန်နေခြင်းဖြင့် လေပြင်းမုန်တိုင်းဒဏ် ကာကွယ်ပေးခြင်း၊ ပင်လယ်လှိုင်းဒဏ် ကာကွယ်ပေးခြင်း၊ မြစ်ရေကြီးခြင်းကို သက်သာစေခြင်း၊ မြစ်ကမ်းပါးပြိုခြင်းကို သက်သာစေခြင်း၊ ဒီရေတောများအတွင်း နုံးများအနည်ထိုင်ခြင်းကြောင့် ရေကြောင်းသွားလာမှု ကောင်းမွန်စေခြင်း၊ မြစ်ရေအညစ်အကြေးကို သန့်စင်စေခြင်း၊ မြေဆီလွှာအတွင်း ဆားငံရေ ထိုးဖောက်မှုကို ကာကွယ်ခြင်း၊ ရေစီးအားနှင့် ဒီရေအတက်အကျကို မျှတစေခြင်း၊ ငါး၊ ပုဇွန်၊ ဂဏန်းစသော ရေသတ္တဝါတို့ ခိုအောင်းရာ၊ ကျက်စားရာနေရာဖြစ်ခြင်း၊ သားငှက်တိရိစ္ဆာန်တို့ ကျက်စားရာ ဒေသဖြစ်ခြင်း၊ ဒီရေတောသဘာဝဆိုင်ရာ ပညာရပ်များ လေ့လာခြင်းနှင့် သုတေသနပြုနိုင်ခြင်း၊ အပန်းဖြေခြင်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ခြင်းစသည့် လူသားတို့အတွက် တန်ဖိုးဖြတ်မရသည့် အကျိုးကျေးဇူးများ ပေးနိုင်သည့်အပြင် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေသည့် ဓါတ်ငွေ့တစ်မျိုးဖြစ်သော ကာဗွန်ဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့များကို လေထုအတွင်းမှု သိုမှီးရာတွင်လည်း ဒီရေတောများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ဒီရေတောပညာရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဒီရေတောများအနက် ထင်ရှားကျော်ကြားသော ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောပေါ်မှ ဒီရေတောများသည် မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့် အပင်နှင့် အကောင်မျိုးစိတ်များအတွက် မှီခိုနေထိုင်ရာအိမ်ဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်ရှိကျေးရွာ(၃၂)ရွာမှအိမ်ထောင်စု (၈၀၀၀)ကျော်၏ စားဝတ်နေရေးနှင့် ဝင်ငွေအတွက် မှီခိုရာလည်းဖြစ်သည့်အပြင် ပို၍အရေးပါသည့်အချက်မှာ မိန်းမလှကျွန်းပေါ်မှ ဒီရေတောများသည် ပတ်ဝန်းကျင်ဒေသများကို ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ၏ ဒဏ်မှ အကာအကွယ်ပေးလျက်ရှိသည်။

သို့ရာတွင် မိန်းမလှကျွန်းပေါ်ရှိ ဒီရေတောများ ပျက်စီးပြုန်းတီးမှုသည် ၎င်းအားထင်းထုတ်ယူသည့် သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်သည့် ၁၉၈၅ ခုနှစ်မှစတင်၍ လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ခုတ်လှဲသုံးစွဲမှု၊ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒီရေတောများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည်။

ဒီရေတောများပျက်စီးမှုများကြောင့် ဒီရေတောဂေဟစနစ် ပျက်စီးယိုယွင်းလာမှုသည် ၎င်းအားမှီခိုနေသည့် ဇီဝမျိုးစုံမျိုးကွဲများအပေါ်တွင် သက်ရောက်မှုများကို ဖြစ်ပေါ်စေပြီး အစာကွင်းဆက်ကိုလည်း မတည်မငြိမ်ဖြစ်စေကာ ဒီရေတောများကို မှီခိုနေရသည့် ဒေသခံများအတွက် အစာရေစာ လုံလောက်စေမှုကို ထိခိုက်လာစေပါသည်။

ထို့ကြောင့် ယခုအခါတွင် မိန်းမလှကျွန်းပေါ်မှ ဒီရေတာများကို ပြန်လည်ထူထောင်စိုက်ပျိုးရုံသာမက အပင်ပေါက်ရောက်မှု ပိုမိုများပြား သိပ်သည်းလာစေရန်၊ မျိုးတုန်းပျောက်ကွယ်ဖို့ အန္တရာယ် ကျရောက်နေသော အရေးကြီးသည့် ဒီရေတောမျိုးစိတ်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုကောင်းမွန်လာစေရန်နှင့် ဒီရေတောဂေဟ စနစ်များကို ပိုမိုကျန်းမာသန်စွမ်းလာစေရန်အတွက် သစ်တောပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအပေါ်တွင် ဒီရေတောအပင်များ ကွက်လပ်ဖြည့်စိုက်ပျိုးမည့် လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ ဒေသခံများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အဓိကလိုအပ်လျက်ရှိကြောင်းနှင့် လူသားတို့အပေါ် အစဉ်ထာဝရ တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ပေးနိုင်သည့် ဒီရေတောများကို လူသားတိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်ပေသည်။

မိုးစက်(ဘိုကလေး)