ပိုင်ကျုံ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းများ အသိပညာဗဟုသုတပိုမိုရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အ.မ.က ပိန္နဲကုန်းကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ကျောင်းသား/သူများအား ဟောပြောပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့၏ ပြဋ္ဌာန်းထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေများ၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသည့် ကျောင်းသားကြီး(၁၁)ဦးအကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေး သိကောင်းစရာတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသားအောင်ပွဲ နေ့ ဖြစ်ပေါ်လာပုံနှင့်ဓါတ်ပုံပိုစတာများ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)