ကျိုက်လတ် အမှတ်(၉)မူလွန်၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျိုက်လတ် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်(၁၀)ရက်နေ့၌ ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို "အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ" အသိပညာပေး ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၂)နာရီခွဲက အမှတ်(၉)အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားပညာရေးနှင့် ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေအကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ဝံသာနုရက္ခိတတရား၏ အဓိပ္ပါယ်နှင့် ၂၀၂၂ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ အကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့ နှင့်သက်ဆိုင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာ" အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၉)မူလွန်မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက် ခဲ့ကြကြောင်းသိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)